ကျွန်တော်တို့ ဒီနေ့ C# language မှာ function တွေ ဘယ်လိုတည်ဆောက်မလဲ။ ဘယ်လိုခေါ်သုံးမလဲ စတာတွေကို လေ့လာရအောင်။ Function ဆိုတာ C# language မှာမှ မဟုတ်ပါဘူး။ ဘယ်programming language မှာမဆို ရှိပါတယ်၊ သုံးကြပါတယ်။ function သုံးရတယ် ရည်ရွယ်ချက်တွေတော့ အမျိုးမျိုးရှိတာပေါ့ဗျာ။ ဥပမာအားဖြင့်တော့ ကျွန်တော်တို့ program ရဲ့ နေရာတော်တော်များများမှာ သုံးဖို့လိုအပ်နိုင်တဲ့ code တွေကို function လေးအဖြစ်ခွဲရေးထားမယ်ဆိုရင် ကိုယ်ခေါ်ချင်တဲ့နေရာကနေ လွယ်လွယ်ကူကူခေါ်သုံးနိုင်မယ်။ များပြားလှတဲ့ coding တွေကို ရှုပ်ပွနေအောင်မထားချင်တဲ့အခါမျိုးမှာလဲ function လေးတွေ ခွဲပြီးရေးလေ့ရှိတာပေါ့။ function ခွဲပြီးရေးကိုရေးရမယ်ဆိုတဲ့ သက်မှတ်ချက်တော့ မရှိပါဘူး။ ကျွန်တော်program စရေးတုန်းကဆိုရင် function ခွဲရေးချင်ပေမယ့် ဘယ်နားကို သွားပြီး ခွဲရမလဲဆိုတာ မစဉ်းစားနိုင်လို့ code တွေ အားလုံး main function ထဲမှာ ပဲ စုပြုံပြီးရေးခဲ့တာပါ။ နောက်ပိုင်း ရေးလာရင်းနဲ့ ဘယ်လိုမျိုးဆိုရင် function လေးတွေ ခွဲရေးသင့်တယ် ဆိုတာ သိလာတာပါပဲ။ အဓိကကတော့ program များများရေးလာရင် အလိုလို နားလည်လာပါလိမ့်။
Function
Function တစ်ခုမှာ return type , function name and argument list ဆိုပြီး အပိုင်း ၃ ပိုင်းပါတယ်ဗျ။ ဥပမာ….
int AddTwoNumber( int p1, int p2 ) { return p1 + p2; }
ဒီ function လေးမှာ int လို့ရေးလိုက်တာကို return type လို့ခေါ်ပါတယ်။ ဒီ function လေးကို ခေါ်မယ်ဆိုရင် integer value တစ်ခု ပြန်ထွက်လာမယ်လို့ ပြောတာပါ။ return value မရှိဘူးဆိုရင်တော့ void လို့ ရေးပေးရပါတယ်။ မပေးလို့တော့ မရပါဘူး။ AddTwoNumber ဆိုတာကတော့ function name ပေါ့။ function name တွေ ပေးတဲ့နေရာမှာ space တွေ special char တွေ ထည့်ပေးလို့ မရပါဘူး။ ( ) ထဲမှာ ရေးလိုက်တဲ့ int p1, int p2 ဆိုတာတွေက argument တွေပါ။ ဒီ function ကိုခေါ်သုံးချင်ရင် ထည့်ပေးရမယ့် parameter တွေပါခင်ဗျာ။ parameter လက်မခံချင်တဲ့ function တွေရေးရင်တော့ ( ) ထဲမှာ ဘာမှ မထည့်ပဲရေးလို့ ရပါတယ်။
Function တခုမှာရေးတဲ့ပုံပေါ်မူတည်ပြီး function declaration, function definition နဲ့ function call ဆိုပြီး ခွဲခြားထားပါသေးတယ်။ အခု အပေါ်မှာ ရေးလိုက်တဲ့ function ကို function definition လို့ခေါ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီ function ထဲမှာ ဘာအလုပ်တွေလုပ်မယ်ဆိုတဲ့ statement တွေထည့်ရေးထားလို့ပါ။ အဲ့ဒီ function တွေကို Interface ထဲမှာ ထည့်ရေးတော့မယ်ဆိုရင်တော့ အခုလိုမျိုး definition တွေ ထည့်ရေးလို့ မရပါဘူး။ function declaration ပဲရေးခွင့်ရှိပါတယ်။ ဒီလိုမျိုးပါ….
int AddTwoNumber( int p1, int p2 );
ကျွန်တော်တို့ရေးထားတဲ့ function တွေကို ပြန်ခေါ်သုံးမယ်ဆိုရင်တော့ အဲ့ဒါကို function call လို့ ခေါ်ပါတယ်။ အပေါ်က function လေးကို ပြန်ခေါ်မယ်ဆိုရင် ဒီလိုလေး ခေါ်ရမှာပါ…
int res = AddTwoNumber( 3 , 4 );
note: function call ပဲဖြစ်ဖြစ် definition ပဲဖြစ်ဖြစ် declaration ပဲဖြစ်ဖြစ် function လို့ ပြောလိုက်တာနဲ့ ( ) ပါရမယ်ဆိုတာတော့ အသေသာမှတ်ထားလိုက်ဗျာ။
function parameter Passing အကြောင်းကို နောက်တပိုစ့်မှာ ရေးပေးမယ်ဗျာ။
ဆက်လက်ပြိးမျှဝေပါအုံး
Comment by thandar — August 8, 2009 @ 3:30 PM