our notes for our youngers

October 2, 2009

basic of C# (part 25)

Filed under: Basic of C# — Tags: , , , , , — sevenlamp @ 10:21 AM

Function Overloading Vs Function Overriding

ကျွန်တော်တို့ ဒီနေ့ function overloading နဲ့ function overriding အကြောင်းလေး ပြောကြရအောင်။ အရင်ဆုံး function overloading အကြောင်းပြောရအောင်။ overload ဆိုတာ အလုပ်တစ်ခုထက်ပိုပြီး လုပ်တာကို ပြောချင်တာပါ။ function overloading ဆိုတော့ ကျွန်တော်တို့ ရေးလိုက်တဲ့ function က တာဝန် တစ်ခုထက်ပိုပြီး လုပ်ဆောင်ပေးတာကိုရည်ရွယ်တာပါ။ function name က တစ်ခုထဲပဲ ဒါပေမယ့် လုပ်ဆောင်မှုအများကြီး လုပ်နိုင်အောင်ပေါ့။ ဥပမာဗျာ.. ကျွန်တော်က string ကနေ integer ပြောင်းတဲ့ function လေးတစ်ခုလောက် ရေးချင်တယ်။

static int ConvertToInteger(string st)
{
    try
    {
        return Convert.ToInt32(st);
    }
    catch
    {
        return 0;
    }
}

ကဲ.. ဒီ function လေး ရေးလိုက်ခြင်းအားဖြင့် ကျွန်တော်တို့ string ကနေ integer ပြောင်းချင်တိုင်း လွယ်လွယ်ကူကူ ခေါ်လို့ ရသွားမယ်။ ဒါပေမယ့် တခြား type တွေကနေပြောင်းချင်ရင် ဒီ function သုံးလို့ ရမလား။ မရပါဘူး။ ဒါဆို ကျွန်တော်က တခြားtype တွေ အတွက်ကိုလည်း ဒီလိုမျိုး function တွေ ထပ်ရေးပေးဖို့ လိုပါလိမ့်မယ်။

static int ConvertToInteger(decimal dec)
{
    try
    {
        return Convert.ToInt32(dec);
    }
    catch
    {
        return 0;
    }
}
static int ConvertToInteger(long l)
{
    try
    {
        return Convert.ToInt32(l);
    }
    catch
    {
        return 0;
    }
}

ဟုတ်ပြီနော်.. အခုလိုမျိုး function name တူပြီး parameter မတူတဲ့ function တွေ တစ်ခုထက်ပိုပြီး ရေးလိုက်တာကို function overloading လုပ်တယ်လို့ ခေါ်ပါတယ်။ function overloading လုပ်ခြင်း အားဖြင့် ဘာပိုကောင်းလာမလဲ။ ဟုတ်ကဲ့ ကျွန်တော်တို့ program ရေးတဲ့နေရာမှာ အများကြီးပိုပြီး လွယ်ကူစေပါတယ်။ အကယ်လို့သာ function overload မလုပ်ရဘူးဆိုရင် ကျွန်တော်တို့ string ကနေ integer ပြောင်းဖို့အတွက်က function name တစ်ခု၊ decimal ကနေ integer ပြောင်းဖို့အတွက်က function name တစ်ခု၊ long ကနေ integer ပြောင်းဖို့အတွက်က function name တစ်ခု စသည်ဖြင့် name တွေ အများကြီး သုံးနေမှတ်နေရမှာပေါ့။ အခု overloading လုပ်ခြင်းအားဖြင့် function name တစ်ခုထဲကိုပဲ သိဖို့ လိုပါတော့တယ်။ Framework class library ထဲမှာလည်း overload လုပ်ထားတဲ့ function တွေ အများကြီး တွေရမှာပါ။ ကဲ အနှစ်ချုပ်ပြန်ပြောပါမယ် function overloading ဖြစ်ဖို့အတွက် function name တူရပါမယ်၊ argument (parameter) မတူရပါဘူး။ parameter မတူရဘူး ဆိုတာမှာ parameter ရဲ့ datatype ဖြစ်စေ၊ အရည်အတွက် ဖြစ်စေမတူရင် ရပါတယ်။

နောက်တစ်ခုကတော့ function overriding။ overriding လို့ ပြောတဲ့ အတိုင်းပါပဲ၊ function overrideing ဆိုတာက function တစ်ခုပေါ်မှာ နောက်ထပ် function တစ်ခုနဲ့ ထပ်ပြီး အုပ်လိုက်တာကို ပြောချင်တာပါ။ ဒီလိုလုပ်လိုက်ရင် function ၂ ခု ဖြစ်သွားမလား၊ မဖြစ်ပါဘူး။ override လုပ်ခြင်းခံရတဲ့ function က ပျောက်သွားမှာပါ။ function overrideing ကို အဓိကအားဖြင့် polymorphism နဲ့ တွဲပြီးသုံးလေ့ ရှိပါတယ်။ parent class ထဲမှာ ရှိပြီးသား function တစ်ခုကို child class ထဲမှာပြန်ပြီးရေးချင်တယ် ဆိုရင် override လုပ်ဖို့ လိုလာပါပြီ။ ဒီလို အချိန်မျိုးမှာ function overriding ကိုသုံးပါတယ်။ ဥပမာလေးနဲ့ ပြောရရင်… ကျွန်တော်မှာ animal ဆိုတဲ့ class ရှိတယ်ဗျာ၊ parent class ပေါ့၊ အဲ့ဒီ animal class ထဲမှာ eat() ဆိုတဲ့ function လေးပါတယ်။

class animal
{
    public void eat()
    {
        Console.WriteLine("Eat something");
    }
}

အိုကေ.. အဲ့ဒီ animal class မှာ child class ၂ ခုရှိတယ်။ dog class နဲ့ ant class ပေါ့။ အဲ့ဒီ dog class နဲ့ ant class က animal class ကနေ inheritance လုပ်ထားတာဖြစ်တဲ့ အတွက် သူတို့ဆီမှာ eat() function အလိုအလျှောက် ပါလာပါတယ်။ အဲ့ဒီ parent class ကနေပါလာတဲ့ eat() function ထဲက statement တွေကို child class မှာ မလိုချင်ဘူး။ ပိုပြီး detail ကြတဲ့ message နဲ့ အစားထိုးချင်တယ်ဆိုပါတော့ (ဥပမာ.. Eat something အစား၊ Eat Bone တို့ Eat sugur တို့နဲ့ အစားထိုးချင်ပြီဆိုရင်)၊ ဒါဆို ဘယ်လိုလုပ်မလဲ? နောက်ထပ် function တစ်ခုထပ်ဆောက်ချင်တာ မဟုတ်ဘူးနော်၊ parameter လည်း မပြောင်းတဲ့ အတွက် overloading လည်း လုပ်လို့ မရဘူး။ ဒီလို အခြေအနေမျိုးမှာ ကျွန်တော်တို့ မဖြစ်မနေ function overriding လုပ်ဖို့ လိုလာပါပြီ။

ဒါဆို function overriding လုပ်ဖို့ ဘာလိုမလဲ? Parent class ထဲမှာ ဒီတိုင်းရေးထားတဲ့ function တိုင်းကိုတော့ override လုပ်လို့ မရပါဘူး။ override လုပ်ဖို့ ခွင့်ပြုထားတဲ့ function တွေကိုပဲ လုပ်လို့ရတာပါ။ ဒီလို override လုပ်ဖို့ ခွင့်ပြုချင်တယ်ဆိုရင် parent class ထဲက function ရဲ့ရှေ့မှာ virtual ဆိုတဲ့ keyword လေးထည့်ရေးပေးလိုက်ရပါတယ်။

class animal
{
    public virtual void eat()
    {
        Console.WriteLine("Eat something");
    }
}

override ပြန်လုပ်မယ့် child class က function ရှေ့မှာတော့ override ဆိုတဲ့ keywordကို ထည့်ပေးရပါတယ်။

class dog : animal
{
    public override void eat()
    {
        Console.WriteLine("Eat Bone!");
    }
}

ကဲ… example program လေး တစ်ခုလောက်ရေးကြည့်ပါဦး။

class animal
{
    public virtual void eat()
    {
        Console.WriteLine("Animal: Eat something");
    }
}
class dog : animal
{
    public override void eat() // function overriding
    {
        Console.WriteLine("Dog: Eat Bone!");
    }
}
class ant : animal
{
    public override void eat()
    {
        Console.WriteLine("Ant: Eat Sugar");
    }
}
class Program
{
    static void Main()
    {
        animal obj;
        obj = new animal();
        obj.eat();

        obj = new dog(); //polymorphism
        obj.eat();

        obj = new ant();
        obj.eat();

        Console.Read();
    }
}

Basic of C# ကို ကျွန်တော်ဒီမှာပဲ ရပ်လိုက်ပါတော့မယ်။ အခုလောက်ဆိုရင် ကျွန်တော်တို့ C# ဆိုတာ ဘာလဲသိလောက်ပါပြီ။ OOP အကြောင်းလည်း နည်းနည်းတော့ နားလည်လောက်ပြီလို့ ယူဆပါတယ်။ နောက်ပိုဒ့်တွေမှာ window application အပိုင်းနဲ့ web application အပိုင်းကို ဆက်ရေးသွားပါ့မယ်ခင်ဗျာ။

Blog at WordPress.com.